Friday 14 March 2008

ရွေးရမည့်လမ်း

အခြေခံဥပဒေမူကြမ်း ( အင်မတန်မိုက်ရိုင်းကြမ်းတမ်းသော စစ်အစိုးရ ဆက်လက်သက်ဆိုး ရှည်ဖို့ရေးထား သောဥပဒေ) ပြည်သူ့ ဆန္ဒခံယူပွဲ (ပြည်သူ့ ဆန္ဒကို အလိုမတူပဲ လုပ်မည့်အတင်း အဓမ္မခြိမ်းခြောက် ရန်ပြု ဆန္ဒခံယူပွဲ ပြည်သူဆန္ဒ အစစ်အမှန်လုံးဝ မပါဝင်သော ဆန္ဒခံယူပွဲ) ထောက်ခံအတည်ပြုပွဲ ( သူတို့  သက်ဆိုးရှည်ဖို့  အတင်းအဓမ္မ ထောက်ခံအတည်ပြုပွဲ ) ဒါတွေကို တစ်နိုင်လုံးကလည်းသိသည် တစ်ကမ္ဘာလုံး ကလည်းသိသည်။ သို့သော် သိသိကြီးနဲ့ မသိယောင်ဆောင်၍ တရားသည် မတရားသည်မစဉ်းစား တော့ပဲ အ၀ီဇိရောက်သည်အထိ ရှေ့တိုးမိုက်ရိုင်းနေသည်ကတော့ စစ်အစိုးရသာဖြစ်တော့သည်။

နအဖ၏အာဏာရူးမှုသည် တစ်နေ့ တစ်ခြားပို၍ပို၍ဆိုးဝါးလာသည်။ မည်သူ ဖြောင်းဖျညှိနှိုင်းလို့ မှနားမ၀င်တော့ထို့ကြောင့်မြန်မာ ပြည်သူပြည်သား များ၏ ဆင်းရဲနွမ်းပါးမှု၊ ခြိမ်းခြောက်ခံရမှု၊ လူ့အခွင့်အရေး ဆုံးရှုံးမှု၊ လွတ်လပ်ရေးဆုံးရှုံးမှု၊ အတင်း အကျပ် စေခိုင်းခံရမှုများသည်လည်း တစ်နေ့ တစ်ခြားပို၍ပို၍ ဆိုးဝါးများပြားလာသည်။ မနေနိုင်သူများက လုပ်ကြ ရင်းကြပါလေ့စေ ငါတို့က နေသာသလိုနေမည်ဟု လုပ်နေ၍မရပါ၊ ယခုအချိန်သည် ခေါင်းမီးလောင်နေသော အချိန်ဖြစ်ပါသည်။ ခေါင်းမီးလောင်ခြင်းသည် လက်ကိုလောင်တာ မှမဟုတ်ပဲ ငြိမ်းစရာမလိုပါ ဟုနေ၍မရပါ၊ အချိန်မီမငြိမ်းလျှင် တစ်ကိုယ်လုံး လောင်ကျွမ်းပြီးအသက်ပါ ပါသွားနိုင်တယ်။ ဘယ်နားလောင်လောင် အရေးကြီးတာပင်။ ဖြစ်ပြီးသမျှ အဖြစ်အပျက်များ နှင့်ဒင်းတို့ မတရားအနိုင်ကျင့်အုပ်စိုးခဲ့သော ကာလတစ်လျှောက်ပြန်ကြည့်ပါက ဘာတစ်ခုမှ အကောင်းမကျန်ခဲ့ အားလုံးဆုံးရှုံးခဲ့သည်။ လွတ်လပ်စွာပြောဆို၊ ရေးသား၊ ထုတ်ဝေ၊ ထုတ်လွှင့်၊ တင်ပြတုန့် ပြန် စသည်ဖြင့် အားလုံး အားလုံးဆုံးရှုံးခဲ့ရသည်။

သတင်းစာဆိုလျှင်လည်း သူတို့ ဝါဒကိုသာ တစ်ဖက်သတ်တင်ပြခဲ့ကြသည်။ တစ်ဖက်သားကို ပြန်လည်ချေပခွင့် တင်ပြခွင့် မည်သည့်အခါ မျှမပေးခဲ့။ သတင်းစာဟူသည် ပြည်သူ့ ဘက်ကရပ်တည်သော၊ လိုအပ်ချက်များကိုထောက်ပြသော ပြည်သူ့ဘက်တော်သား မဖြစ်ခဲ့ရ။ သူတို့၏တဖက်သတ် အယူဝါဒများ ကိုသာ မှိုင်းတိုက်တင်ပြသောအရာသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သတင်းစာ ဆိုလျှင် နာရေးနှင့် ကြော်ငြာလောက်သာ ဖတ်ပြီးအလေးချိန်နှင့် ပြန်ရောင်းစားရသောအနေအထား လောက်မှာပင် ရှိခဲ့သည်။

နက်လိုက်သည့်ဆင်းရဲတွင်းကလည်း အ၀ီဇိထက်နက်သည်၊ ငရဲပြည်ဆိုသည်မှာ၊ ငရဲပြည်ရောက်မှ ငရဲပြည်မဟုတ်လူ့ပြည်၌လည်း အရှင်လတ်လတ်ငရဲပြည်များရှိသည်။ စားချင် လျှက် နှင့်မစားရသော ဘ၀တွေ၊ လူစင်စစ်ဖြစ်လျှက်နှင့် လူနဲ့တူအောင်မနေရ၊ မစားရ၊ အခွင့်အရေးမရသောသူတွေ၊ ကျောင်းတက်ချင်လျက် နှင့်မတက်နိုင်သောသူတွေ၊ အမှန်တရား ကိုပြောချင်ရက် နှင့်ပြောခွင့်မရ၊ အလုပ်လုပ်ချင်ရက်နှင့် အလုပ်အကိုင်အခွင့်အလန်းမရှိမရှိလို့ မလုပ်ရ၊ ကျောင်းထားဖို့  ထမင်းစားဖို့  ရှိစုမဲ့စုလေးတွေ ပေါင်ရနှံရ ၊ တစ်နေ့ တစ်ခြားတက်လာသော ကုန်ဈေးနှုန်း နှင့်ပွယောင်းလာသော ငွေဖောင်းပွမှုနှုန်းကိုကာမိရန် အသက်မရှုနှိုင်ပဲ အလုပ်လုပ်ရတာ တောင်ဝမ်းမ၀။ ဒီကြားထဲ သူတို့ ဖွဲ့စည်းထားသော အဖွဲအစည်းများထဲသို့မိမိတို့၏ စိတ်ဆန္ဒမိမိတို့၏ ယုံကြည်ချက်မပါပဲ ခြိမ်းခြောက်မှု ပေါင်းစုံဖြင့်ဇွတ်အတင်း အဓမ္မ၀င်ခိုင်းတာတွေ ကလည်းရှိသေးသည်။ ဘာမှန်းမသိအားအား ရှိထုတ်နေသောဥပဒေတွေကလည်းများ လွန်းသဖြင့်ဘာလုပ်လုပ်မလွတ်လပ်ဥပဒေ တစ်ခုမဟုတ်တစ်ခုဖြင့်ငြိသွားတာချည်းပင်။ သူတို့ မတရား အုပ်ချုပ် နေသောကာလ တစ်လျှောက်အာဏာ ပါဝါကိုစိတ်ကြိုက်သုံးစွဲခွင့်ရနေသော သူတို့နှင့် သူတို့မျက်နှာသာ ပေးထားသော လူတစ်သိုက်ကလွဲရင် ပြည်သူအများစုသည်စားရလည်းမ၀ ရေစာ အိပ်ရလည်း ကျောမအေး တစ်နေ့ တစ်နေ့ အသက်ကိုမည်သို့ ရှင်သန်ရမည်မသိ၊ ဒုက္ခပေါင်း စုံလွန်းလှသည်။

ပြည်သူကိုချစ်၍ ပြည်သူအတွက်စေတနာထား၍ လုပ်ပေးသောအရာဟူ၍ ဘာတစ်ခုမှမတွေ့မိ၊ အချိန်ရှိသရွေ့မတရားရယူထားသော အာဏာ တည်မြဲဖို့ သာလျှင် မတရားသောနည်းလမ်းပေါင်းစုံဖြင့် လိမ်ညာ၍တစ်မျိုး ပြောင်ကျကျ တစ်သွယ်ဖြင့် အမြဲကြိုးပမ်းနေသည်ကိုသာ တွေ့နေရသည်။ တစ်ကယ်တော့ မြန်မာလူမျိုးများသည် ဘာသာတရားကို အင်မတန်ရိုသေကိုင်းရှိုင်းသော ရိုးသားအေးချမ်းစွာနေ တတ်သော၊ လူတစ်ဖက်သားအပေါ်တွင် အင်မတန်ရိုင်းပင်းကူညီတတ်သော၊ ခွင့်လွှတ်တတ်လွန်းသော၊ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံဟူသောစကားနှင့် အညီသယံဇာတ အင်မတန်ပေါကြွယ်ဝသော လှပသည့်ရေမြေတောတောင်တွင် နေခွင့်ရထားသော၊ အလှူရေစက်လက်နှင့်မကွာ ဆိုသလိုလှူဒါန်းနေရလျှင် ပျော်နေတတ်သော၊ ဆယ့်နှစ်လရာသီလုံး ပျော်ပွဲရွှင်များ စည်ကားသိုက်မြိုက်စွာကျင်းပပြီး လွတ်လပ်ပျော်ရွှင် ပေါ့ပါးစွာနေတတ်သော အင်မတန်ချစ်စရာကောင်းသော ဓလေ့စရိုက်များနှင့်ပြည့်ဝနေသော မြန်မာလူမျိုးများသည် ဤရက်စက်ယုတ်မာလွန်းသော၊ လောဘကြီးလွန်းသော၊ လိမ်ညာကောက်ကျစ် လွန်းသော၊ မတရားမှုမှန်သမျှအကုန်လုပ်သော၊ အာဏာကိုမတရား ရယူထားသော၊ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ဝေဖန်ထောက်ပြသော်လည်းအရှက်မဲ့စွာဖြင့် မသိကျိုးကျွံပြုနိုင်လွန်းသော၊ မတရားမင်း လုပ်နေသော၊ ငရဲမကြောက်သော၊ ၀ဋ်မကြောက်သော၊ ဤအာဏာရူးများကြောင့် နေ့ စဉ်နှင့်အမျှစိတ်ဆင်းရဲရ၊ ငတ်မွတ်ရ၊ ဆင်းရဲဒုက္ခရောက်ကြရ၊ ကမ္ဘာအလယ်မှာမျက်နှာငယ်ကြရ၊ ထိတ်လန့် ကြောက်ရွံ့ ရ၊ မြိုသိပ်မှုပေါင်း များစွာနှင့် ဘ၀ကိုဖြတ်သန်းနေကြရသည်။ ပျော်ရွှင်မှုများ၊ လွတ်လပ်မှုများ၊ ငြိမ်းချမ်းမှုများ ပျောက်ဆုံး နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ပထမအကြိမ်လွတ်လပ်ရေး အတွက်တိုက်ခိုက်ရစဉ်က နယ်ချဲ့ တို့နှင့်.... ထိုစဉ်ကလည်း လွတ်လပ်ရေး ရဖို့တိုက်ယူခဲ့ရသည်၊ ယခုတစ်မျိုးသားလုံး စစ်ဖိနပ်အောက်မှ လွတ်မြောက်ဖို့ကလည်း.... တိုက်ယူမှ ပင်ရတော့မည်၊ ဤအချိန်မှာမှ ရဲဝံ့စွာဆန္ဒအမှန်ကို မဖော်ထုတ်လျှင်၊ ပြတ်ပြတ်သားသားမကန့် ကွက်လျှင်၊ ဤအချိန်မှာမှပြိုင်တူ မတွန်းလျှင်၊ ဤအချိန်မှာမှစည်းလုံးညီညွတ်စွာ ကျောချင်းကပ်မထားလျှင်၊ ဤအချိန်မှာမှမတိုက်ယူလျှင်....

ဤအရေးအတွက်ရှေ့တွင် မတရားစွာဖြင့်အသက်ပေးသွား ရသော ရဟန်းရှင်လူကျောင်းသား ပြည်သူများအတွက် တာဝန်မကျေရာရောက်သကဲ့သို့၊ မျိုးဆက်သစ်အညွန့်အဖူးလေး များကိုလည်း ဤယုတ်မာသောငရဲသားတို့၏ လက်ဝယ်ဝကွက်၍ ထားခဲ့ရပေလိမ့်မည်။ နောက်ဆုံးတော့.. စေ့စပ်ညှိနှိုင်းလို့ လည်းလက်မခံ၊ ငြိမ်းချမ်းမှုကိုလည်းမရှေးရှု၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလည်း လုပ်ပေးရန်ဆန္ဒမရှိသော ထိုလူယုတ်မာများအတွက်.... ပြည်သူများရွေးရမည့်လမ်း သည်တစ်လမ်းသာ ရှိတော့သည်။

ထိုလမ်းသည်.......