Friday 11 April 2008

ငြိမ်းချမ်းဖို့ ဆိုရင်

ကိုယ့်မှာခံစားနေရတဲ့  စိတ်မကျေနပ်မှု စိတ်မချမ်းသာမှု ဆိုတဲ့ စိတ်ခံစားမှုဝေဒနာတစ်ချို့ ဟာ ကိုယ့်ရဲ့လွဲမှားနေတဲ့အတွေးတွေကြောင့်ပါ။

လိုချင်တဲ့လောဘတွေ လိုတာမရလို့ ဖြစ်တဲ့ ဒေါသတွေ ကြောင့် ကိုယ်စိတ်နှစ်လုံးတွေမရွှင်လန်း မကြည်လင်တော့ပဲ ကိုယ်တကယ်လုပ်ရမယ့်အလုပ်တွေ နှောင့်နှေးကုန်ပါတယ်။ အတွေးမကြည်လင်တော့ အလုပ်လည်းမကြည်လင်တော့ဘူးပေါ့။

ပြီးခဲ့တာတွေပြန်တွေးမိပြန်တော့လည်းဘာမှပြန်လုပ်လို့ မရ ရှေ့ ကိုကြိုတွေးနေမိတဲ့ အရာတော်တော်များများကလည်း ဖြစ်မယ်မဖြစ်ဘူးမသေချာ ။

အဲဒီမရေရာ မသေချာတဲ့ အကျိုးမရှိတဲ့ ပရမ်းပတာအတွေးကလေက၀တွေကြောင့် တစ်ကယ်တွေးသင့်တဲ့အတွေးကောင်းတွေ မတွေးဖြစ်တော့ဘူး။ အတွေးကောင်းမရှိတော့ အလုပ်ကောင်းလည်းမလုပ်ဖြစ်တော့တဲ့အခါမှာ ရလဒ်ကောင်းတွေလည်းမရလာတော့ဘူးပေါ့။ ဒါ့ကြောင့် ရလဒ်ကောင်းတွေ ရလာဖို့ ဆိုရင် လုပ်ရပ်ကောင်းဖို့ လိုပြီး လုပ်ရပ်ကောင်းဖို့ ဆိုရင် အတွေးကောင်းဖို့ လိုတာပေါ့နော်။ ဘာ့ကြောင့်လည်းဆိုတော့ လုပ်ရပ်ကောင်းတွေဟာ အတွေးကောင်းတွေကို အခြေခံထားကြလို့ ပါပဲ။ဒါ့ကြောင့် အတွေးကောင်းလေးတွေ တွေးမိဖို့ လိုပြီး အဲဒီအတွေးကောင်းလေးတွေမှာရပ်တန့် မနေပဲ ရလဒ်ကောင်းလေးတွေပေါ်ထွက်လာဖို့ အတွက် အတွေးကောင်းလေးတွေကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။

ဒါ့ကြောင့်ဘာမှန်းညာမှန်းမသေချာ မရေရာတဲ့ …စိတ်ကိုအားကုန်စေတဲ့ လူကိုမှုန်မှိုင်းစေတဲ့ အတွေးဆိုး အတွေးညစ် အတွေးယုတ် အတွေးလူရမ်းကား အတွေးလမ်းသရဲ အတွေးကလေက၀ အတွေးစုတ် အတွေးပြတ် တွေကိုတတ်နိုင်သမျှမတွေးမိစေဖို့  ကိုယ့်အတွေးထဲရောက်လာရင်လည်း သတိတရားလေးနဲ့ အမြန်ဆုံးတားမြစ်မောင်းထုတ်လိုက်ဖို့  ကိုယ့်စိတ်ကိုယ် ကိုယ်အမြန်သိပြီးအမြန်ထိန်းလိုက်မိဖို့ လိုပါတယ်။
အဲဒီကလေက၀အတွေးတွေ တွေးမိပြီဆိုတာနဲ့ တပြိုင်နက်တည်းမှာပဲ ငါတွေးနေမိပြီ …ငါတွေးနေမိပြီလို့  သတိကပ်ပြီး အဲဒီအတွေးဆိုးတွေကိုအမြန်ဆုံးနည်းနဲ့  ရအောင်ပယ်ဖျောက်ရမှာပါ။ အစပိုင်းမှာခက်ပေမယ့်…တဖြေးဖြေးတော့ရလာမှာပါ။

ကိုယ့်ရဲ့ စိတ်ခွန်အားကိုကုန်ခမ်းစေပြီး ကောင်းတဲ့ဘက်ကိုအာရုံစိုက်မှု ကိုယ့်အလုပ်ပေါ်အာရုံစူးစိုက်မှု ( concentration ) ကိုကျသွားစေတဲ့  ဒီအတွေးဆိုးတွေ ရောက်လာတာနဲ့ တပြိုင်နက် ….ဟောသူ..ငါ့ကိုနှောက်ယှက်ဖို့ ရောက်လာပြီဆိုပြီး သတိကိုအမြန်ကပ် ….ပြီးတော့ ကိုယ့်အလုပ်အပေါ်အာရုံကို အရင်ကထက်ပိုပြီး စူးစိုက်လိုက်ပါ။ နောက်တနည်းက မိမိကိုးကွယ်ရာဘာသာတရားအလိုက် ဘုရားတရားရဲ့ အဆုံးအမတွေကို နှလုံးသွင်းရမှာပါ။

အပြောလွယ်သလောက် ကိုယ်ကိုတိုင်လည်း ဒီအဖြစ်မျိုးနဲ့ ကြုံ နေရတော့  အတော်ကြိုးစားပြီး ဒီစိတ်ကလေက၀တွေ အတွေးဆိုးတွေ ကိုမောင်းထုတ်ပြီး စိတ်ကောင်းအတွေးကောင်းလေးတွေနဲ့  အလုပ်ကောင်းလေးတွေလုပ် ရလဒ်ကောင်းလေးတွေ ဖော်ထုတ်ဖို့  အတော်လေးကြိုးစားနေရပါတယ်။

အနာသိရင် ဆေးရှိရမှာပါ၊ သင့်တော်တဲ့ဆေးကိုလည်းတွေ့ အောင်ရှာရမှာပါ။
ဆေးပေးတဲ့သူကပေးခဲ့ရင်တောင်မှ ဆေးသောက်ရမယ့်သူက မသောက်ရင် အလကားပါပဲ၊ ဒါ့ကြောင့်အတွေးဆိုးတွေ တွေးမိသူဟာ ဆေးသောက်ရမယ့်သူဖြစ်လို့  ကိုယ်နဲ့ သင်တော်တဲ့  ဆေးကိုရှာ တွေ့ တာနဲ့ ဂရုတစိုက်သာသောက်ပေတော့ …မသောက်လို့ ကတော့  မပျောက်ရုံပဲပေါ့်နော်။

ဘယ်သူက ဘယ်လောက်ပဲ စိတ်ကိုငြိမ်အောင်ထိန်းပါ…ငြိမ်းချမ်းအောင်နေပါလို့ ဟောဟော ပြောပြော ကာယကံရှင်ကိုယ်တိုင်က ကိုယ့်စိတ်ကိုကိုယ်မထိန်းရင် ကိုယ့်နှလုံးသားကို ကိုယ်တိုင်ငြိမ်းချမ်းအောင်မလုပ်ဖူး မလုပ်နိုင်ဘူးဆိုရင် ဆေးတွေ့ ရက်နဲ့ ဆေးမသောက်သူလိုပါပဲ၊ ဘယ်တော့ မှ ဒီရောဂါပျောက်မှာလည်းမဟုတ် နှလုံးသားမှာငြိမ်းချမ်းမှာလည်းမဟုတ်ပါဘူး။

စာရေးသူကိုယ်တိုင်လည်းအခု ဒီရောဂါရနေလို့ ဆေးရှာ…ဆေးတွေ့  ..ဆေးသောက်နေရသလို…စာဖတ်သူကိုယ်တိုင်လည်း ဒီလိုရောဂါမျိုးရနေခဲ့ မယ်ဆိုရင် ဆေးရှာ…ဆေးတွေ့ ..ဆေးသောက်ဖြစ်ပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။

Thursday 10 April 2008

တကယ်တော့  ဘာမှမဟုတ်ပါဘူး

ဘာမှမဟုတ်ပါဘူး

ငြိမ်းချမ်းဖို့ ဆိုရင် ငြိမ်းချမ်းအောင် နေတတ်ဖို့ လိုတယ်။

တကယ်တမ်းတော့ ကိုယ်ကအရေးကြီးတယ်လို့ ထင်ထားတဲ့အရာမှန်သမျှ ဘာမှမဟုတ်ပါဘူး။

အရွယ်ပြောင်းလာလို့  စိတ်တွေပြောင်းပြီး ကြိုက်နှစ်မှုတွေပြောင်းလာတဲ့သဘောပါပဲ။

ချစ်မိတော့ လိုချင် လိုချင်တော့ လောဘဖြစ် ပူလောင်လာတယ် ပူလောင်တော့မငြိမ်းချမ်းတော့ဘူးပေါ့။

မုန်းမိတော့ ငြိုငြင် ငြိုငြင် တော့ဒေါသဖြစ် ဒေါသဖြစ်တော့ပူလောင်တယ် ပူလောင်တော့မငြိမ်းချမ်းတော့ဘူးပေါ့။

လူ့ ဘ၀မှာကြုံလို့ ကြိုက်လိုက်ရတာချည်းပဲ….ကြိုက်လို့ ကြုံလိုက်ရတယ်ဆိုတာနည်းပါတယ်။

ဘာကိုကြိုက်ကြိုက် ကြိုက်မိလိုက်တာနဲ့ တဏှာပဲ။

လောကကြီးမှာ အရေးအကြီးဆုံးဆိုတာ ဘာမှမဟုတ်ပါဘူး။

မက်မက်မောမောနဲ့  လောဘ ဒေါသ မောဟဖြစ်လောက်တဲ့အရာ ဒီကမ္ဘာကြီးမှာ ဘာမှမရှိပါဘူး။

အရေးကြီးတယ်လို့  ကိုယ်ကထင်ထားတဲ့အရာတွေဟာ တကယ်တမ်းတော့ဘာမှမဟုတ်ပါဘူး။
ကိုယ်ထင်သမျှ ဘာတစ်ခုမှမဟုတ်တာဟာ အနန္တပါ (အနန္တဆိုတာ ဘာမှမရှိတာ ဘာမှမဟုတ်တာကိုပြောတာပါ။ )

စိတ်ကိုလွှတ်မထားပါနဲ့ 

ငါကတော့စဉ်းစားလို့  သူကတော့ငါ့ကိုသတိရမှာလည်းမဟုတ် စဉ်းစားမှာလည်းမဟုတ်ဘူး။

လိုချင်တာမရတိုင်းဝမ်းမနည်းနဲ့  တချို့ ဟာတွေကမရလေ ငြိမ်းချမ်းလေ။

ငြိမ်းချမ်းဖို့ ဆိုရင် လိုချင်တဲ့ လောဘ တဏှာတွေကို ဖယ်သတ်နိုင်သမျှ ဖယ်သတ်ပါ။

Sunday 6 April 2008

သစ္စာ ဆုတောင်း

အနာဂါတ်ပျောက်နေတဲ့ မြန်မာပြည်သူတွေ လင်းလက်တောက်ပတဲ့ အနာဂါတ်တစ်ခု အမြန်ရရှိပါစေ။

အမှန်တရားတစ်ခုအတွက် အားလုံးရဲ့ ကိုယ်စားရှေ့ ထွက်ပြီးအနစ်နာခံဦးဆောင်လှုပ်ရှားခဲ့လို့  အသက်ပေးခဲ့ရသူတွေ ကောင်းရာမွန်ရာရောက်ပါစေ။ဖြစ်ရာဘ၀မှာ စစ်ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ် အေးချမ်းမှု အတိပြီးတဲ့လူ့ လောကမှာ ပျော်ရွှင် အေးချမ်းစွာနဲ့ လူဖြစ်ခွင့်ရပါစေ။

လက်ရှိအခြေအနေမှာ မတရားသဖြင့် အဖမ်းခံ အနှိုပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွတ်မြောက်ပါစေ။

မြန်မာနိုင်ငံသားအားလုံး သတိရှိစွာ သတ္တိရှိစွာနဲ့  ကိုယ့်နိုင်ငံအတွက် အသင့်တော်ဆုံး အုပ်ချုပ်သူကိုရဲရင့် ပြတ်သားစွာနဲ့ ရွေးချယ်နိုင်ပါစေ။

ဘယ်လိုမှလူမဆန်တဲ့ ၊ ယုတ်မာမိုက်ရိုင်းလွန်းတဲ၊့ ပြည်သူ့ ဘဏ္ဍာနဲ့ လူသတ်လက်နက်ဝယ်ပြီး ပြည်သူကိုပြန်သတ်ဖို့ ပက်ပက်စက်စက်ကြံစည်နေတဲ့ ၊ ပြည်သူကိုသတ်ဖို့ လူမိုက်စုနေတဲ့ ၊ သာသနာတော်ကိုတောင် ကွယ်ပျောက်အောင်လုပ်နေတဲ့၊ကိုယ့်နိုင်ငံကိုရော တစ်ကမ္ဘာလုံးကိုပါပတ်ညာနေတဲ့ အရှက်မရှိတဲ့ သိက္ခါမရှိတဲ့ ဒီအာဏာရူးစစ်အစိုးရကို မေလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာ အပြတ်အသတ်ဖြုတ်ချနိုင်တဲ့ ရဲဝံ့ပြတ်သားတဲ့ ပြည်သူတွေဖြစ်ပါစေ။

မြန်မာပြည်သူတွေကိုယ်တိုင်ဦးဆောင်ပြီး အမှန်တကယ်အေးချမ်းသာယာ ဖွံ့ ဖြိုးတိုးတက်ပြီး လွတ်လပ်မှုအမှန်တကယ်ရရှိတဲ့ ခေတ်မှီတဲ့နိုင်ငံတော်သစ်ကြီးကို အမြန်တည်ဆောက်နိုင်ပါစေ။

ကမ္ဘာမှာမြန်မာဟာ ကျက်သရေရှိတဲ့ ဂုဏ်သတင်းတွေနဲ့ ကျော်ကြားထင်ရှားတဲ့ သာသနာတော်ကြီးထွန်းကားတဲ့ လွတ်လပ်မှု အေးချမ်းမှု တိုးတက်မှု အပြည့်ရှိတဲ့ နိုင်ငံတော်သစ်ကြီးအမြန်ဖြစ်လာပါစေ။

မတရားမှုမှန်သမျှလုပ်ရဲသော ယုတ်မာသော ရက်စက်ကြမ်းကြုတ်သော ဆင်ခြင်တုံတရားကင်းမဲ့လွန်းသော လိမ်လည်လှည့်ဖျားတတ်လွန်းသော လူယုတ်မာများမြန်မာ့မြေပေါ်မှ အမြန်ကွယ်ပျောက်သွားပါစေ။

ကျွန်မသည်လူမှန်းသိတတ်ချိန်မှပင်စ၍ ကျွန်မအင်မတန်ချစ်မြတ်နိုးရပါသော မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများထိခိုက်နစ်နာမည့်အလုပ်ကိုစိုးစိမျှ မလုပ်ခဲ့ဖူးပါ။ဤသစ္စာစကားကို ရှင်မြတ်ဘုရားအားတိုင်တည်ပါ၏။ဤမှန်ကန်သောသစ္စာစကားကြောင့် မြန်မာနိုင်ငံတော်ကြီး လူယုတ်မာစစ်အစိုးရလက်အောက်မှ အမြန်လွတ်မြောက်ပါစေသား။
ယုတ်မာသောစစ်အစိုးရ အမြန်ကျဆုံးပါစေသား။
မတရားခံနေရသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်း အမြန်လွတ်မြောက်ပါစေသား။