Sunday 6 April 2008

သစ္စာ ဆုတောင်း

အနာဂါတ်ပျောက်နေတဲ့ မြန်မာပြည်သူတွေ လင်းလက်တောက်ပတဲ့ အနာဂါတ်တစ်ခု အမြန်ရရှိပါစေ။

အမှန်တရားတစ်ခုအတွက် အားလုံးရဲ့ ကိုယ်စားရှေ့ ထွက်ပြီးအနစ်နာခံဦးဆောင်လှုပ်ရှားခဲ့လို့  အသက်ပေးခဲ့ရသူတွေ ကောင်းရာမွန်ရာရောက်ပါစေ။ဖြစ်ရာဘ၀မှာ စစ်ကျွန်ဘ၀ကလွတ်မြောက်ပြီး လွတ်လပ် အေးချမ်းမှု အတိပြီးတဲ့လူ့ လောကမှာ ပျော်ရွှင် အေးချမ်းစွာနဲ့ လူဖြစ်ခွင့်ရပါစေ။

လက်ရှိအခြေအနေမှာ မတရားသဖြင့် အဖမ်းခံ အနှိုပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွတ်မြောက်ပါစေ။

မြန်မာနိုင်ငံသားအားလုံး သတိရှိစွာ သတ္တိရှိစွာနဲ့  ကိုယ့်နိုင်ငံအတွက် အသင့်တော်ဆုံး အုပ်ချုပ်သူကိုရဲရင့် ပြတ်သားစွာနဲ့ ရွေးချယ်နိုင်ပါစေ။

ဘယ်လိုမှလူမဆန်တဲ့ ၊ ယုတ်မာမိုက်ရိုင်းလွန်းတဲ၊့ ပြည်သူ့ ဘဏ္ဍာနဲ့ လူသတ်လက်နက်ဝယ်ပြီး ပြည်သူကိုပြန်သတ်ဖို့ ပက်ပက်စက်စက်ကြံစည်နေတဲ့ ၊ ပြည်သူကိုသတ်ဖို့ လူမိုက်စုနေတဲ့ ၊ သာသနာတော်ကိုတောင် ကွယ်ပျောက်အောင်လုပ်နေတဲ့၊ကိုယ့်နိုင်ငံကိုရော တစ်ကမ္ဘာလုံးကိုပါပတ်ညာနေတဲ့ အရှက်မရှိတဲ့ သိက္ခါမရှိတဲ့ ဒီအာဏာရူးစစ်အစိုးရကို မေလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာ အပြတ်အသတ်ဖြုတ်ချနိုင်တဲ့ ရဲဝံ့ပြတ်သားတဲ့ ပြည်သူတွေဖြစ်ပါစေ။

မြန်မာပြည်သူတွေကိုယ်တိုင်ဦးဆောင်ပြီး အမှန်တကယ်အေးချမ်းသာယာ ဖွံ့ ဖြိုးတိုးတက်ပြီး လွတ်လပ်မှုအမှန်တကယ်ရရှိတဲ့ ခေတ်မှီတဲ့နိုင်ငံတော်သစ်ကြီးကို အမြန်တည်ဆောက်နိုင်ပါစေ။

ကမ္ဘာမှာမြန်မာဟာ ကျက်သရေရှိတဲ့ ဂုဏ်သတင်းတွေနဲ့ ကျော်ကြားထင်ရှားတဲ့ သာသနာတော်ကြီးထွန်းကားတဲ့ လွတ်လပ်မှု အေးချမ်းမှု တိုးတက်မှု အပြည့်ရှိတဲ့ နိုင်ငံတော်သစ်ကြီးအမြန်ဖြစ်လာပါစေ။

မတရားမှုမှန်သမျှလုပ်ရဲသော ယုတ်မာသော ရက်စက်ကြမ်းကြုတ်သော ဆင်ခြင်တုံတရားကင်းမဲ့လွန်းသော လိမ်လည်လှည့်ဖျားတတ်လွန်းသော လူယုတ်မာများမြန်မာ့မြေပေါ်မှ အမြန်ကွယ်ပျောက်သွားပါစေ။

ကျွန်မသည်လူမှန်းသိတတ်ချိန်မှပင်စ၍ ကျွန်မအင်မတန်ချစ်မြတ်နိုးရပါသော မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများထိခိုက်နစ်နာမည့်အလုပ်ကိုစိုးစိမျှ မလုပ်ခဲ့ဖူးပါ။ဤသစ္စာစကားကို ရှင်မြတ်ဘုရားအားတိုင်တည်ပါ၏။ဤမှန်ကန်သောသစ္စာစကားကြောင့် မြန်မာနိုင်ငံတော်ကြီး လူယုတ်မာစစ်အစိုးရလက်အောက်မှ အမြန်လွတ်မြောက်ပါစေသား။
ယုတ်မာသောစစ်အစိုးရ အမြန်ကျဆုံးပါစေသား။
မတရားခံနေရသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူအပေါင်း အမြန်လွတ်မြောက်ပါစေသား။

No comments: